ညောင်လေးပင် ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ နေ့အထိ ကျင်းပမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်းလုပ်ငန်းကို မဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့များက သတ်မှတ်နေရာတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့က ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးအရှေ့တွင် ဆောက်လုပ်လျက်ရှိသည်။ မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် သင်္ကြန်ယိမ်းအက (၁၂)ဖွဲ့၊ တပင်တိုင်အက၊ Dancer အဖွဲ့များဖြင့် ဖျော်ဖြေနိုင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ကျွေးမွေးဧည့်ခံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့အတွက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သတ်မှတ်ရက်အလိုက် ကြီးကြပ်ဆောင်ရွက်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)