ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ မဲရုံသုံးပစ္စည်းများထုတ်ပေး

ပဲခူး နိုဝင်ဘာ ၆

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသို့ မဲရုံသုံးပစ္စည်းများ ထုတ်ပေးခြင်းကို နိုဝင်ဘာလ(၅)ရက် နေ့၊ နံနက် ၁၀ နာရီ အချိန်က စတင်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် ပဲခူးမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ မဲရုံးသုံးပစ္စည်းများတွင် မရှိမဖြစ်လိုအပ်သော မဲလက်မှတ်၊ ထပ်ဆောင်းတံဆိပ်တုံး၊ မှင်အိုး၊ Face shield၊ လက်အိတ်၊ Handgel များနှင့် အခြားမဲရုံသုံး ဆက်စပ် ပစ္စည်းများကို စိစစ်၍ ရပ်ကွက်ကျေးရွာကော်မရှင် အဖွဲ့ခွဲများအား စနစ်တကျ ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။
ပဲခူးမြို့နယ်တွင် မဲရုံပေါင်း ၂၀၆ ရုံ ဖွင့်လှစ်မည်ဖြစ်ရာ မဲရုံသုံးပစ္စည်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ များသို့ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သဲစု(ပြန်/ဆက်)