ဆင်​မြီးဆွဲမြို့၌ တောင်သူအသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

သဲကုန်း ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ဆင်မြီးဆွဲမြို့၊ ​ကြို့ရပ်သာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သူအသိပညာပေးဆွေးနွေးပွဲတွင် သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆင်​မြီးဆွဲမြို့အုပ်ချုပ်​ရေးမှူး ဦးဝေ​ဖြိုး​ကျော်က မိမိတို့ကျေးရွာအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရန် မိမိတို့အနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုကြောင်းပြောကြားပြီး   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒေသခံတောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)