မုံရွာ ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်းများ တက်ရောက်ကြသည်။ ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်၊ ပဓာနနာယက၊ ပထမပြန်စာမေးပွဲကြီးကြပ်ရေး ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များအား နာယူကြည်ညိုပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်းအောင် နိုင်ငံတော်အဆင့် ဒုတိယဆုရရှိခဲ့သည့် သံဃာတော်တစ်ပါးနှင့် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း စာမေးပွဲအောင် သံဃာတော် ၂ ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာအောင်လက်မှတ်၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြု မူလတန်းစာမေးပွဲအောင် သံဃာတော်များအား တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများအားလည်းကောင်း၊ စာအောင်သီလရှင် ဆရာကြီး/ဆရာလေးများအား တိုင်းဒေသကြီး တရားသူကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ များ၏ ဇနီးများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့မှ စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်၊ ပဓာနနာယက၊ ပထမပြန်စာမေးပွဲကြီးကြပ်ရေးဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းကြသည်။
၂၀၂၃ ခုနှစ်၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော် မြို့နယ်တို့မှ ပါဠိပထမပြန်စာမေးပွဲကြီးတွင် ပထမကြီးတန်း စာမေးပွဲအောင် ၄၈ ပါး၊ ပထမ လတ်တန်း စာမေးပွဲအောင် ၇၀ ပါး၊ ပထမငယ်တန်းစာမေးပွဲအောင် ၁၂၃ ပါး၊ အခြေပြုမူလ တန်းစာမေးပွဲအောင် ၁၈၂ ပါး၊ စုစုပေါင်း စာအောင်သံဃာတော်၊ သီလရှင်ဆရာကြီး/ဆရာလေး ၄၂၃ ပါး အောင်မြင်တော်မူခဲ့ကြပြီး စာအောင်သံဃာတော်၊ သီလရှင်များအား အလှူငွေကျပ် စုစုပေါင်း - ၁၀၁၁၀၀၀၀ (တစ်ရာတစ်သိန်းတစ်သောင်း) ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)