လိပ်သို ဧပြီ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ချိန်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးတွင် ပြိုင်ပွဲများဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ ပုံမှန်လာရောက်လေ့လာကြသည့် ကျောင်း သား၊ ကျောင်းသူများအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဝန်ထမ်းများက ထိုင်ခုံလုပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ပြိုင်ပွဲများ ဆောင်ရွက်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးစေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရရှိစေကြောင်း၊ ကာယစွမ်းရည်နှင့် ဉာဏစွမ်းရည်များ တိုးတက်လာစေပြီး ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အဟာရမုန့်များ ကျွေးမွေးဧည့်ခံပြီး ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)