လိပ်သိုဒေသတွင် နွေရာသီကာလ တောင်ပေါ်ကွမ်းကြမ်းများ ရှားပါးချိန် ယခုနှစ်တွင် မကြုံစဖူး ဈေးကောင်းရရှိ

လိပ်သို  ဧပြီ  ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကွမ်းကြမ်းစိုက်တောင်သူ အချို့မှာ နွေရာသီကာလ ကွမ်းကြမ်းများရှားပါးချိန်တွင် အထုပ်လေးဆယ်ပါ အချိန် (၁၀) ကို လက်ကား (၄၈၀၀ဝိ/-) မှ (၅၀၀၀ဝိ/-) ကျပ်အထိ ယခုနှစ်တွင် မကြုံစဖူး ဈေးကောင်း ရရှိလာကြောင်း သိရသည်။

လိပ်သိုမြို့ပေါ်ရှိ လက်လီပြန်လည်ရောင်းချသူများကလည်း ကွမ်းကြမ်းတစ်ထုပ်ကို (၁၅၀ဝိ/-) ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိပြီး အထုပ်လေးဆယ်ပါ အချိန် (၁၀)ကို (၆၀၀၀ဝိ/-)ကျပ် ရရှိနေသော်လည်း ဒေသတွင်း စားသုံးရန်ပင် လုံလောက်အောင် ထွက်ရှိမှု နည်းပါးကြောင်း သိရ သည်။

ကွမ်းကြမ်းများမှာ မိုင်းလွန်ကျေးရွာ၊ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ ထီးသာစော၊ လာမယ်ဖိုလီ၊ နာလောဖိုလီ စသည့် တောင်ပေါ်ကျေးရွာများမှ အဓိကထွက်ရှိပြီး ကွမ်းပွဲစားများက အရွက်ခြွေပြီးသော အထုတ်ဖြင့်သော်လည်းကောင်း၊ အရွက်မခြွေရသေးသော ကိုင်းစည်းဖြင့်သော်လည်းကောင်း လာရောက်ဝယ်ယူကြကာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်မြို့နယ်များသို့ ပြန်လည် ဖြန့်ချိရောင်းချကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)