ပေါင်းတည် ဧပြီ ၁၂
၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် မြို့ပေါ် ၁၂ ရပ်ကွက်ရှိ အုန်းလက်ရေကစားမဏ္ဍပ်ငယ်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ထံမှ သိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ကိုအကြိုနေ့ ညနေခင်းတွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနပေါင်းစုံ၊ စည်ပင်သာယာရေးအဖွဲ့၊ ပညာရေးဌာဦးစီးဌာနနှင့် မြို့ပေါ် ၁၂ ရပ်ကွက် တို့၏ သင်္ကြန်ယိမ်းအကအလှများနှင့်အတူ တေးဂီတဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ကာ နှစ်သစ်မင်္ဂလာမဟာသင်္ကြန်ပွဲကို စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရေကစားမဏ္ဍပ်တွင် လာရောက်ကာ ရေကစားကကြသူများကိုလည်း စတုဒီသာများနှင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်း အန္တရာယ်ပရိတ်တရားတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ၊ သက်ကြီးပူဇော်ပွှဲနှင့် နှစ်သစ်ကံထူးရှင် ကံစမ်းမဲဖွင့်ပွဲကိုလည်း ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ရေကစားမဏ္ဍပ် တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရကြီး