ဒေးဒရဲ ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ကျုံဒါးရွာမကျေးရွာအုပ်စု၊ ရွာလယ်တန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်း ရေးမှူး ဦးကိုကိုဦးက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီ စတင်ကျင့်သုံးကတည်းက ပြဋ္ဌာန်း ထားပြီးဖြစ်ပြီး မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများ အားလုံး အကျုံးဝင်ပါကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ဘာကြောင့်ပြည်သူ့စစ်မှု ထမ်းစနစ် ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များနှင့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်များက ဥပဒေအရ စစ်မှုထမ်းရန် သတ်မှတ်ကာလ၊ အကျုံးဝင်သူများ၊ ကင်းလွတ်ခွင့် ရရှိသူများကို ဥပဒေထဲတွင် ပြဋ္ဌာန်းထားပြီး အကျုံးဝင်သူများကို မှတ်ပုံတင် ထားမည်ဖြစ်ပြီး ချက်ချင်းခေါ်ယူသွားမည် မဟုတ်ပါကြောင်းနှင့် တရားမဝင်မီဒီယာများက လှုံ့ဆော်မှုများကို စိုးရိမ်မှုများ မဖြစ်ပေါ်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်လာသည့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း