မိုးညို ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ်ကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်နှင့် ဇောတိကရပ်ကွက်အကြားရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတွင် ဆောက်လုပ်လျက်ရှိရာ ယမန်နေ့က ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ (မဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့)၊ ရပ်ကွက်များမှ ဝိုင်းဝန်းကူညီသူများဖြင့် ဧပြီလ ၃ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ရာ အလျား(၅၀)ပေ၊ အနံ(၂၀)၊ အမြင့်(၁၇)ပေရှိမဏ္ဍပ်တွင် နိုင်ငံတော်အလံ၊ ငွေဖလားနှင့် ပိတောက်ပန်း၊ အဆို၊ အက၊ ရေပက်ဖျန်းပုံများနှင့် Myanmar New Year Festival စာတန်းပါ ဗီနိုင်းပိုစတာများ၊ ၁၃၈၅ ခုနှစ် မိုးညိုမြို့နယ် မဟာသင်္ကြန်မဏ္ဍပ်(နဖူးစီးစာတန်း)၊ မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် (နောက်ခံဗီနိုင်းပိုစတာ)နှင့် လျှပ်စစ်ရောင်စုံမီးအလှများ တပ်ဆင်ထားပြီး လှပခန့်ညားအောင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ /ပိတ်ပွဲနှင့် ကြိုဆိုနေရာချထားရေး၊ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးနှင့် အခမ်းအနား ပြင်ဆင်ဆောင်ရွက်ရေး၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ ကျွေးမွေးဧည့်ခံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)