ကန့်ဘလူ၌ နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar သင်တန်း (အခမဲ့) ဆင်းပွဲအခမ်းအနားကျင်းပ

ကန့်ဘလူ ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar သင်တန်း (အခမဲ့) ဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်လာပြီး ကျောင်းစာများတွင်လည်း အထောက်အကူပြုစေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်စကား ပြောဆိုတတ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းနည်းပြဆရာ ဦးအေးကိုအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။ အဆိုပါသင်တန်းတွင် ကန့်ဘလူမြို့ပေါ်ရပ်ကွက် များရှိ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ် ၂၈ ရက်မှ ဧပြီ ၁၁ ရက်ထိ ၁၅ ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)