မင်းလှမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

အထက်မင်းလှ ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် ရပ်ကွက်၊ ကျေးရွာများတွင် အုန်းလက်ရေကစားမဏ္ဍပ်တို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မင်းလှမြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် အုန်းလက်ရေကစားမဏ္ဍပ်ငယ်တို့ဖြင့် ဆင်နွှဲသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့် ဗဟိုရေကစားမဏ္ဍပ်တွင် ယိမ်းအဖွဲ့(၄)ဖွဲ့တို့မှ နေ့စဥ်ကပြ ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး တေးဂီတဖျော်ဖြေမှုများဖြင့်လည်း စည်းကားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင် ဗဟိုမဏ္ဍပ်တွင် လာရောက်ရေကစားကြသူများကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ဌာနဆိုင်ရာများက နေ့စဥ်စတုဒိသာကျွေးမွေးမှုများဖြင့် ဧည့်ခံကျွေးမွေးသွားမှာဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်း ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲများ၊ သက်ကြီးပူဇော်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)