နတ်မောက် ဧပြီ ၁၂
နတ်မောက်မြို့ မြို့မဈေးကြီးတွင် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလတွင် အသုံးပြုရန် ရောင်းချသည့် အတာအိုးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။
အတာအိုးကို သင်္ကြန်စောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်ကြပြီး (၇) ရက် သားသမီးများအတွက် ရည်ရွယ်၍ ပန်း (၇) မျိုးဖြစ်စေ၊ အုန်းညွှန့်၊ သီးညွန့်များထည့်၍ ရေအပြည့်ဖြင့် နှစ်သစ်ကူးသင်္ကြန်အား ကြိုဆိုလေ့ရှိကြပါတယ်။ အညာနယ်ဘက်မှာတော့ သင်္ကြန်ကျသည်နှင့်တစ်ပြိုင်နက် အတာအိုးမှ ရေကိုသွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦးအဝင် ထရံစသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာဖို့ ဆုတောင်းလေ့ရှိကြပါတယ်၊ သင်္ကြန်အတာအိုးများကို နတ်မောက်မြို့နယ် ရွှေဂွေ့ကျေးရွာ တောင်တွင်းကြီးမြို့နယ်မှ ကုက္ကိုဂွကျေးရွာတို့မှ ထွက်ရှိကာ နတ်မောက်မြို့ မြို့မဈေးအတွင်း၌ အိုးအမျိုးအစားအလိုက် တစ်အိုးလျှင် ၆၀၀ ကျပ်မှ ၁၂၀ဝိ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း အိုးရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ဒေါ်ခင်ဇော်ကပြော သည်။ ဒီနွေဦးကာလမှာတော့ သင်္ကြန်အတာအိုးများအပြင် တောင်တွင်းကြီးမြို့နယ် ကုက္ကိုဂွ ကျေးရွာကထွက်တဲ့ မြေနီသောက်ရေးအိုးတွေလည်း ဈေးကွက်ကို ဝင်လာကြပါတယ်၊ အတာအိုးများကိုတော့ ရိုးရာဓလေ့ဖြစ်သည့် နှစ်ဆန်း(၁)ရက်နေ့မှာပရိတ်အိုးအဖြစ် အသုံးပြုလေ့ရှိကြတဲ့အတွက် သင်္ကြန်ကာလမှာ အတာအိုးများက ရောင်းအားအကောင်းဆုံးဖြစ်ပါတယ်”ဟု အိုးရောင်းသူထံမှ သိရသည်။
လှဝင်း