မတည်ငွေကျပ် ၅၉၀၀ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအား အတည်ပြုမိန့်ထုတ်ပေးရန် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေး

ဘားအံ ဧပြီ ၁၂

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ  အဆိုပါ အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ ကျပ် ၅၉၀၀ သန်းတန်ဖိုးရှိ ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် လူနေဆိုင်ခန်းနှင့် ဟိုက်ပါမားကတ် တည်ဆောက်ငှားရမ်းခြင်းလုပ်ငန်းကို အတည်ပြုမိန့်ထုတ်ပေးရန် ခွင့်ပြုပေးခဲ့သည်။

အစည်းအဝေးတွင် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ဆန်ကွဲ၊ ရာဘာ၊ ကော်ဖီ ထုတ်ကုန်များကို One Region One Product ဆိုသည့် ဒေသတစ်ခု ထုတ်ကုန်တစ်ခုအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်ငန်းများအတွက် နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်တို့သည် မရှိမဖြစ် အရေးပါသည့်အတွက် ပြည်နယ်အတွင်း ဈေးကွက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများအား ပံ့ပိုးကူညီသွားရမည်ဖြစ်ကြောင်း၊ အတည်ပြု လျှောက်ထားလွှာများနှင့် ပတ်သက်၍ ဝိုင်းဝန်းပူးပေါင်းဆွေးနွေးပေးကြစေလိုပြီး လိုအပ်သည်များအား အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Kayin State Development Public Company Limited က ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် အဆင့်မြင့် လူနေဆိုင်ခန်းနှင့် ဟိုက်ပါမားကတ် တည်ဆောက်ငှားရမ်းခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြု လျှောက်ထားလွှာ တင်ပြလာခြင်းအပေါ် အတည်ပြု မိန့်ထုတ်ပေးနိုင်ရန် ဆွေးနွေးခွင့်ပြုပေးခဲ့သည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူးက လျာထားရင်းနှီးမြှုပ်နှံမှုနှင့် အမှန်ဝင်ရောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ယနေ့ အတည်ပြုအမိန့်ထုတ်ပေးရန် ခွင့်ပြုပေးခဲ့သည့် အဆင့်မြင့် လူနေဆိုင်ခန်းနှင့် ဟိုက်ပါမားကတ်တည် ဆောက်ငှားရမ်းခြင်းလုပ်ငန်းသည် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကော့ထော်အနောက်ကျွန်းကွင်းတွင် တည်ရှိပြီး မြေဧရိယာ စုစုပေါင်း( ၀ ဒဿမ ၇၂၀) ဧကပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကာ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၄ ခုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)