မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးသည့် မိုးနှမ်းများပေါ်ချိန်တွင် အထွက်နှုန်းလျော့ပြီး ဈေးကောင်းမရရှိ

မယ်စဲ့ နိုဝင်ဘာ ၆  

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးသည့် မိုးသီးနှံ(နှမ်း)များ ပေါ်ချိန်တွင် ရာသီဥတု ကြောင့် နှမ်းများ အထွက်နှုန်းလျော့နည်းပြီး ဈေးကောင်းမရရှိသဖြင့် နှမ်းစိုက်တောင်သူများ အခက်အခဲ ဖြစ်ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ မိုးသီးနှံ(နှမ်း) စိုက်ဧက ၂၃၂၃ ဧက စိုက်ပျိုးခဲ့ပြီး စမုံနက်မျိုး ၂၀၀၀ ဧက၊ GAP စနစ်ဖြင့် နှမ်းစိုက် ဧက ၃၅၁ ဧက စိုက်ပျိုးခဲ့ရာ စမုံနက်မျိုးမှာ တစ်ဧက အထွက်နှုန်း ၁၀.၅၀ တင်းနှင့် နှမ်း GAP စနစ်မှာ တစ်ဧက အထွက်နှုန်း ၁၂.၅၃ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
ယခုနှစ်တွင် မယ်စဲ့မြို့နယ်ရှိ နှမ်းစိုက်တောင်သူများအနေဖြင့် ရာသီဥတုဖောက်ပြန်မှုကြောင့် နှမ်းပေါ်ချိန်တွင် နှမ်းအထွက်နှုန်း လျော့နည်းပြီး လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် နှမ်းဈေးလည်း မကောင်းသဖြင့် တောင်သူများ အခက်အခဲဖြစ်လျက်ရှိ သည်။
“အရင်နှစ်က စမုံနက်နှမ်းမျိုးက တစ်ပိဿာကို ကျပ် ၅၃၀၀ မှ ကျပ် ၅၅၀၀ ထိ ဈေးရပြီး ယခုနှစ်မှာ စမုံနက်နှမ်း တစ်ပိဿာကို ကျပ် ၃၅၀၀ မှ ကျပ် ၄၁၀၀ သာ ဈေးရှိတဲ့အတွက် ဒီနှစ်ရာသီဉတုကြောင့် နှမ်းအထွက်နှုန်းလျော့တဲ့အပြင် ဈေးကောင်းလည်းမရတော့ တောင်သူတွေအတွက် အခက်အခဲဖြစ်တယ်” ဟု နမ့်ပိန်းလင် ကျေးရွာမှ နှမ်းစိုက်တောင်သူ တစ်ဦးက ပြောကြားသည်။

ယခုနှစ် ဆောင်းရာသီတွင် ဆောင်းသီးနှံများ ပိုမိုစိုက်ပျိုးနိုင်စေရန်အတွက် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနက ကွင်းဆင်းအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တောင်သူများ စိုက်ပျိုးရန်လိုအပ်သည့် ဆောင်းနေကြာ၊ ပဲပုပ်၊ မတ်ပဲမျိုးကို မှာယူချိတ် ဆက်ပေးကာ စိုက်ပျိုးနည်းစနစ်များကိုလည်း ကွင်းဆင်းပံ့ပိုး ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)