နတ်မောက်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နတ်မောက် ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က မဟာသင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများစုပေါင်း၍ ဗဟိုမဏ္ဏပ်တွင် သင်္ကြန်တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေသွားရန်၊ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သည့် နှစ်ဆန်းတစ်ရက်နေ့  မြို့ပေါ်ရပ်ကွက်ရှိ ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် သက်ကြီးပူဇော်ပွဲကျင်းပနိုင်ရေး ကဏ္ဍအလိုက်ပေါင်းစပ် ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးတင်ကိုကိုက မဟာသင်္ကြန်ကာလပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကျရာအခန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှဝင်း