စလင်း ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ဧပြီ (၉) ရက် နေ့လယ်(၃)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် စလင်းမြို့နယ်အတွင်း မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဥ်ကျေးမှုနှင့်အညီ ရိုးရာအစဥ်အလာမပျက် ကျင်းပနိုင်ရေး သင်္ကြန်ယိမ်းများ၊ တစ်ကိုယ်တော်သီဆိုမှုများ၊ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဥ်ပူဇော်ကန်တော့သည့် သက်ကြီးဘိုးဘွားများအား ကန်တော့နိုင်ရေး မဟာသင်္ကြန်မဏ္ဍပ်ထိုးနိုင်ရေးအစီအစဥ်များကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး မိုးဝေယံမြင့်၊ ရဲမှူးအောင်သူတို့မှ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရမည့် အခြေအနေများနှင့် ပတ်သက်၍ ရေရရှိမှုအခြေအနေ ယိမ်းအဖွဲ့များ ကြိုတင်ထားရှိမှုနှင့် တကိုယ်တော်သီဆိုဖျော်ဖြေ မှုများ၊ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လုပ်ငန်းညှိနိုင်းအစည်းအဝေး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ကျရာအခန်းကဏ္ဍအလိုက် လုပ်ဆောင်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြကာ အစည်းအဝေးကို ရုတ်သိမ်း၍ မဏ္ဍပ်ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း