စေတုတ္တရာမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ်

စေတုတ္တရာ ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် ဦးစီးကော်မတီတို့တွင်ပါဝင်သော ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများပူးပေါင်းမှုဖြင့် ဗဟိုမဏ္ဍပ်ကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ စေတုတ္တရာမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့ မြို့လမ်းမတော်လမ်းတွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၅-ခုနှစ် နှစ်ဟောင်းမှ ၁၃၈၆-ခုနှစ် နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ညနေ (၄)နာရီအချိန်တွင် မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားဖြင့် ကျင်းပမည်ဖြစ်ပြီး သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်၊ သင်္ကြန်အတတ်နေ့အထိ နေ့စဉ်နံနက် (၇) နာရီမှ (၁၁) နာရီအထိ ညနေ (၄) နာရီမှ (၆) နာရီအထိ ပညာရေးဌာနမှ ယိမ်းပျိုဖြူ (၂)ဖွဲ့၊ မြို့ပေါ်ရပ်ကွက် အမှတ် (၁၊ ၂) တို့မှ တစ်ရပ်ကွက်လျှင် ယိမ်းပျိူဖြူ (၁)ဖွဲ့နှုန်းအပြင် ဘော်ဒါဆောင်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ယိမ်းစုစုပေါင်း ယိမ်းပျိုဖြူ (၄)ဖွဲ့တို့ဖြင့် ကပြဖျော်ဖြေ၍ ဝါသနာရှင်များ၏ သီချင်းသီဆို‌ဖျော်ဖြေမှုများအပြင် သင်္ကြန်အကြို့နေ့ဖွင့်ပွဲမှစတင်ကာ စတုဒီသာများဖြင့် လာရောက်ရေကစားကြသူ၊ ကြည့်ရူမည် ပြည်သူများအား ဧည့်ခံခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)