ရှမ်းရွာသစ်မြို့ရှိ ဝါးမီးကလားကျေးရွာနှင့် ထီးပါးရက်ကျေးရွာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်  နိုဝင်ဘာ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ    ကင်းဝေးစေရန်ရည်ရွယ်၍  ယမန်နေ့က ရှမ်းရွာသစ်မြို့ မဲလောခီးကျေးရွာအုပ်စု ဝါးမီးကလားကျေးရွာနှင့် ထီးပါးရက် ကျေးရွာတို့တွင်  ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကလေးငယ်များ ကူးစက် ရောဂါတို့မှကာကွယ်ရန်နှင့်     ကျန်းမာရေးအသိရှိစေရန်အတွက် ကျန်းမာရေး အသိပညာ ပေးခြင်း ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း၊ လက်ဆေး ရည်များဖြင့် လက်သန့်စင်စေခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များ အား  အသည်းရောင် အသားဝါ (ဘီ)ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေ ရန် အသက်ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များတို့ကိုလည်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)