ငဖဲ ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်နှင့် ဆည်ငယ်၊ ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၇၆၉ ဧက လျာထားခဲ့ရာ ယနေ့ထိ နွေနှမ်း ၉၄၂ ဧကနှင့် နွေစပါးစိုက်ပျိုးရန် ဧက ၅၀၀ လျာထားခဲ့ရာ ၁၂၇၁ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်များထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေသီးနှံများအဖြစ် စပါး၊ ပဲ၊ ပြောင်း၊ မြေပဲ၊ နှမ်းများကို အများဆုံးစိုက်ပျိုးလျက်ရှိရာ လယ်မြေများတွင် နွေသီးနှံများစိုက်ပျိုးရန် ဆည်ရေလုံလောက်စွာ ရရှိသည့်အတွက် နွေနှမ်းနှင့် စပါးသီးနှံကို ပိုမိုစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် မန်းချောင်းရေလှောင်တမံဆည်မှ နွေသီးနှံများ စိုက်ပျိုးရန် ဆည်ရေလုံလောက်စွာပေးဝေနိုင်ခဲ့ကြောင်းနှင့် ရင်းရှည်ရေလှောင်တမံဆည်မှ နွေနှမ်းစိုက်ပျိုးရန်အတွက်သာ ဆည်ရေပေးဝေနိုင်ကြောင်း သိရသည်။
ယခုနှစ် နွေနှမ်းကို ကျေးရွာအုပ်စု (၁၅)အုပ်စုရှိ ကွင်းပေါင်း (၄၅ )ကွင်းတွင် ဆင်းရတနာ-၃၊ ဆပ်ဖြူ၊ စမုံနက်နှမ်းမျိုးနှင့် သိပ္ပံနှမ်းနက်မျိုးတို့ကို အစိုးရဆည်ရေဖြင့် (၄၄၃)ဧက၊ ဆည်ငယ်၊ ကန်ငယ်၊ မြေအောက်ရေတို့ဖြင့် (၄၉၉)ဧက စုစုပေါင်း (၉၄၂) ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ထက် (၁၇၃)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါးကို ကျေးရွာအုပ်စု (၁၀)အုပ်စုရှိ ကွင်းပေါင်း (၄၅)ကွင်းတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် ၁၂၇၁ ဧကစိုက်ပျိုးခဲ့၍ လျာထားချက်ထက် (၇၇၁)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ငဖဲမြို့နယ် နွေသီးနှံများစိုက်ပျိုးရေးလုပ်ငန်းအကောင်အထည်ဖော်မှုကော်မတီဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူအသိပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရုံးများမှ ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)