ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး(အရှေ့ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ နတ်စဉ်ကုန်းကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက (၅၀) စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် နွေစပါး()သီး ရရှိစိုက်ပျိုးနိုင်ရန် ကြိုတင်ပျိုးထောင်ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး စံပြကွက်များဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေအား အကျိုးရှိရှိ စနစ်တကျ သုံးစွဲနိုင်ရေး ဖွဲ့စည်းပေးထားသည့် Water User Group များဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရန်၊ ရေသွင်း/ရေထုတ် မှန်ကန်မှသာ ပင်ပွားနှုန်းကောင်းပြီး အထွက်နှုန်းတိုးတက်နိုင်မည်ဖြစ်၍ အသိပညာပေးရန်နှင့် မြေလပ်မရှိစိုက်ပျိုးနိုင် ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၌ စိုက်ပျိုးရေရရှိရေးနှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ဆောင်ရွက်ပေးခဲ့မှုကြောင့် တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ (၁၅၀) ဧက နွေစပါးစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးမြေများ မြေဆီဩဇာဓါတ် ကြွယ်ဝစေရေး ကြားသီးနှံအဖြစ် ဈေးကွက်ဝင်သည့် ပဲတစ်မျိုးမျိုး စိုက်ပျိုးသွားရန်၊ ကန်ထရိုက်လယ်ယာစနစ်များ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်သွားရန်နှင့် မိရိုးဖလာစိုက်နည်းစနစ်မှ စက်မှုလယ်ယာသို့ လိုက်ပါပြောင်းလဲ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျေးလက်ဒေသများရှိ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာတွင်းလမ်းများ၏ ဘေးဝဲယာတွင် စိုက်ပျိုးရန်အတွက် အရိပ်ရပြီးစားသုံးနိုင်သည့် ပေါက်ပန်းဖြူပင်၊ ကြောင်လျှာပင်နှင့် မန်ကျီးပင်များ ပျိုးထောင်ထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့၊ အမှတ် () အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ်၊ အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစာတတ်မြောက်ရေးတွင် စိတ်ပါဝင်စားစွာ လာရောက် လေ့လာသင်ယူနေသည့် အသက် (၉၅) နှစ်ကျော် အဘွား () ဦးတို့အား ထောက်ပံ့ငွေများ ဂုဏ်ပြုပေးအပ်ခဲ့ပြီး စာသင်ဝိုင်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာ၌ ဒေသကြက်ကောင်ရေ(၂၀၀၀)မွေးမြူထားရှိမှုနှင့် ဖူးစားပြောင်းစံပြစိုက်ခင်းတို့အား ကြည့်ရှုအားပေးခဲ့ပြီး ပေါက်တပင်ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခဲ့မှုကြောင့် တစ်နှစ်()သီး တစ်ကွင်းတစ်ဆက်တည်း မြေဧရိယာ (၄၅၀) ဧက နွေစပါးစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)