ထားဝယ် ဧပြီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှကြီးမှူး၍ ပြည်သူများအားမီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့်သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်နှင့် 191 စတစ်ကာများကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာနေရာဖြစ်သည့် ထားဝယ်မြို့၊ ဇရစ်ရပ်၊ မြို့မဈေးအနီး ခရီးသွားလာပြည်သူများနှင့်ဒေသခံပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ် နှင့် 191 စတစ်ကာများ ဖြန့်ဝေခဲ့ကြသည်။
အသိပညာပေးလက်ကမ်းစာစောင်တွင် မီးလောင်မှုဖြစ်ရသည့်အကြောင်းအရင်းများ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုနည်း၊ မီးဘေးနှင့်သဘာဝဘေးကြုံတွေ့လာပါက ဆက်သွယ်ဆောင်ရွက်ရန် စသည့်ပညာပေးအချက်အလက်များပါဝင်သည့် မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် မီးသတ်တပ်ဖွဲ့သို့ အရေးပေါ်ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် တယ်လီဖုန်းနံပါတ် 191 စတစ်ကာအသေးများအား မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ်များတွင်ကပ်ပေးခြင်း၊ 191 စတစ်ကာများကို အများပြည်သူမြင်နိုင်သောနေရာများတွင် ကပ်နှံပေးခြင်းများကို ကျယ်ပြန့်စွာ ဝေငှဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)