တောင်ငူ ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့ ညနေ (၄) နာရီအချိန်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ အမိုးလန်ပျက်စီးပြိုကျမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ တောင်ငူမြို့၊ အမှတ် (၁၉) ရပ်ကွက်၊ မီးသတ်စခန်းဝန်းအတွင်းရှိ အမြင့် (၇၅) ပေခန့် လုံးပတ် (၅) ပေခန့်ရှိ ထန်းပင်မှာ (၄၅) ပေခန့်မှ ပြုတ်ကျမှုကြောင့် ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်ကြည်ကြည်ဟန်၊ ကျား(၂)ဦး၊ မ(၃)ဦး၊ စုစုပေါင်း (၅) ဦးနေထိုင်သည့် (၁၉၇၀) ခုနှစ်တွင် ဆောက်လုပ်ထားသော (၄၀x၂၀) ပေသွပ်မိုးအုပ်ညှပ် (၂) ခန်းတွဲ နေအိမ် (၁) လုံးပြိုကျခဲ့ပြီး ပျက်စီးမှု ခန့်မှန်းတန်ဖိုးမှာ (၆) သိန်းကျပ်ခန့်နှင့် တပ်ကြပ်ရဲမင်းထွေး ကျား (၁) ဦး၊ မ (၁) ဦး၊ စုစုပေါင်း (၂) ဦး နေထိုင်သည့် (၁၉၇၄) ခုနှစ်တွင် ဆောက်လုပ်ထားသော (၂၀x၂၀) ပေ သစ်သားလုံးချင်းနေအိမ် (၁) လုံး ပြိုကျမှုဖြစ်ပွားခဲ့ပြီး ပျက်စီးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ် (၆) သိန်းခန့်ဖြစ်သည်။ ထို့ပြင် တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ တပင်ရွှေထီးရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဦးမျိုးမြင့်အောင်၊ ကျား (၁) ဦး၊ မ (၂) ဦး၊ စုစုပေါင်း (၃) ဦးတို့ပိုင်ဆိုင်သည့် အလျား (၈၀) ပေ၊ အနံ (၄၀) ပေ၊ ဖူဆယ်အားကစားကွင်း အမိုးပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုးမှာ (၂၀၀) သိန်းကျပ်ခန့်ဖြစ်ပြီး၊ ဦးညွန့်တင်၊ ကျား (၂) ဦး၊ မ (၃) ဦး၊ စုစုပေါင်း (၅) ဦးနေထိုင်သည့် (၄x၄) ပေ ပတ်လည် သွပ်မိုးထရံကာ ပျဉ်ခင်းနေအိမ် သွပ် (၁၂) ချပ် အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကာ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး (၅) သိန်းခန့်ဖြစ်သည်။ ထို့ပြင် (၄) နာရီခွဲအချိန်ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ နတ်သျှင်နောင်ရပ်ကွက်တွင် လူနေအိမ် (၇) လုံး အမိုးလန်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းကျပ်သိန်း (၂၁၅၀၀၀၀) ခန့် ပျက်စီးရှုံးဆုံးခဲ့သည်။
၎င်းအပြင် (၅) နာရီ အချိန်ခန့်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် တောင်ငူမြို့နယ်၊ မြောက်ရေကြည်ကျေးရွာအုပ်စုတွင် လူနေအိမ် (၁၄) လုံး အမိုးလန်ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး (၄၁) သိန်းကျပ်ခန့်ဖြစ်ပြီး မြောက်ရေကြည်ကျေးရွာအုပ်စု၊ ဝမ်းဘဲဇာကျေးရွာ၊ အလကဝမ်းဘဲဇာကျောင်း စာသင်ခန်း (၂) ခန်း အမိုးသွပ် (၂၀) ချပ် အမိုးလန်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုခန့်မှန်တန်ဖိုးမှာ (၅) သိန်းကျပ်ခန့်ဖြစ်သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုး (၂၈၄) သိန်း (၅) သောင်းကျပ်ခန့်ဖြစ်ပါကြောင်းနှင့် ပျက်စီးမှုများအား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာပရဟိတအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းပြင်ဆင် ဆောင်ရွက်ပေးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)