ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပခုက္ကူ မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပခုက္ကူမြို့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့၊ စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင် ဦးဇော်ဝင်းက စာရေးဆရာ ဗန်မော်တင်အောင်၏ “ငဩ”စာအုပ်မှ “တောင်သူလယ်သမားစစ်ပွဲကြီး”အကြောင်း ဦးဆောင်ဆွေးနွေးရာ စာဖတ်ဝိုင်းတက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို အသီးသီးဆွေးနွေးကြသည်။

ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ(လူငယ်)များနှင့် ပြည်သူလူထုများ စာအုပ်စာပေချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှုလေ့လာခြင်းစသည့် အလေ့ကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်ကာ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများ၊ စာပေဝါသနာရှင်များနှင့် ပူးပေါင်းပြီး လူငယ်စကားဝိုင်း၊ စာပေစကားဝိုင်း၊ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲနှင့် ဟောပြောပွဲများ ကျင်းပပေးခြင်း၊ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်း၊ ဉာဏပြိုင်ပွဲကျင်းပပေးခြင်းများ ပြုလုပ်ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(၃၄၀)