ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြခံတိုင်းရင်းဆေးပညာပေး သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

ဟားခါး ဧပြီ ၁၁

ချင်းပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိသည့် ဆေးပညာများသည် အခြေခံပညာရပ်အမျိုးမျိုး၊ ဆေးကျမ်းအဖုံဖုံ၊ ကုထုံးနည်းအသွယ်သွယ်၊ အာနိသင်အရပ်ရပ်တို့ဖြင့် ပြည့်စုံကုံလုံပြီး ကျယ်ဝန်းနက်ရှိုင်း သိမ်မွေ့ နက်နဲလှသည့် ပညာရပ်တစ်ခုဖြစ်သည့်အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်မှ ရည်ရှည်တည်တံ့ ထွန်းကားပြန့်ပွားနိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူလူထုအားလုံး တိုင်းရင်းဆေးပညာ အခြေခံသဘောတရားများကို နားလည်သဘော ပေါက်မည်ဆိုပါက မိမိနှင့် မိမိတို့ပတ်ဝန်းကျင်၌ ကျန်းမာရေးစောင့်ရှောက်ရာတွင် အထောက်အကူ ဖြစ်စေမည်ဟု ယူဆပါကြောင်းနှင့် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် မိမိရောက်ရှိသည့် ဒေသတွင် သင်တန်းမှာရရှိလာသည့် တိုင်းရင်းဆေးအခြေခံဖြင့် မိမိတို့ပတ်ဝန်းကျင်ကို ကျန်းမာရေးစောင့်ရှောက်မှုပြုပေးကြပါရန် တိုက်တွန်းကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ချင်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်နီနီခိုင်က သင်တန်းဖွင့်လှစ်မှုအခြေအနေနှင့် သင်တန်းသားများထံမှ ရရှိသော ဒေသထွက် ပရဆေးပင်အချို့ အကြောင်းကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများဖြစ် ကြသည့်  ပြည်နယ်တိုင်းရင်း ဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး ဒေါ်သောင်းမေအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသည့် ထူးချွန်သင်တန်းသားများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်ဇော်ဦးက သင်တန်းဆင်းလက်မှတ်ကို သင်တန်းသား၊ သင်တန်းသူများကိုစား သင်တန်းသား တစ်ဦးအားလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)