ဗန်းမောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဌာနဆိုင်ဝန်ထမ်းများနှင့် မိသားစုဝင်များအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ကသာ ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား အကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က ဗန်းမောက် မြို့မရပ်ကွက် မြို့မ(အ.လ.က)စာသင်ကျောင်း အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ဗန်းမောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမွန်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ရင်နှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းတို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ် အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းကို ရှောင်လွှဲပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ဆဲဖြစ်သဖြင့် မလိုလား အပ်သည့် မီဒီယာအချို့၏ လူမှုကွန်ရက် စာမျက်နှာ၊ Facebook, Telegram များမှ မဟုတ်မမှန် သတင်းမှားများကို မယုံကြည်ကြရန် စသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မေသူ(ဗန်းမောက်)