ကသာ ဧပြီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် လူမှုရေးအသင်းအဖွဲ့အစည်းများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးရှင်းလင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္ထအုပ်ချုပ်ရေးမှူးဦးရဲထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်တို့က ပြည်သူအများသိရှိနိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းကို ရှောင်လွှဲပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာတွင် စစ်မှုမထမ်းမနေရစနစ်ဖြင့် ကျင့်သုံးနေသော နိုင်ငံများအကြောင်းနှင့် မလိုလားအပ်သည့် မီဒီယာအချို့၏ လူမှုကွန်ရက် စာမျက်နှာ၊ Facebook, Telegram များမှ မဟုတ်မမှန် သတင်းမှားများကို မယုံကြည်ကြရန် စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)