ကျွန်းစု နိုဝင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပထမအကြိမ် မဲပေးကြမည့် လူငယ်များအား ယမန်နေ့ မနက်ပိုင်းက ပြည်သူ့နီတိနှင့် ဆန္ဒမဲပေးခြင်း အသိပညာပေး သင်တန်းကို ကျွန်းစုမြို့နယ်၊ ကရုဏာနာရေး ကူညီမှုအသင်းရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
“ပထမအကြိမ်မဲပေးကြမည့် လူငယ်များသည် မဲပေးခြင်းလုပ်ငန်းစဉ် အသိပညာပေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်လာစေရန်နှင့် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်အနေနဲ့ ဘယ်လိုမျိုး ပူးပေါင်းပါဝင်ရမလဲ၊ ဘယ်လိုမျိုး ထမ်းဆောင်ရမလဲ၊ မဲပေးခြင်းလုပ်ငန်းစဉ်မှာ ပြည်သူ့ရဲ့အခန်းကဏ္ဏ ဘယ်လောက်ထိ အရေးပါသလဲ၊ တနင်္သာရီတိုင်းမှာ အသက်(၁၈)နှစ်ပြည့် မဲပေးမယ့် လူငယ်(၁)သိန်းကျော်လောက်ရှိရာမှ သင်တန်းကို တက်လာတဲ့သူက အချင်းချင်း ပြန်လည်မျှဝေနိုင်ဖို့၊ မဲပေးတဲ့အချိန်မှာ မဲရုံအတွင်းမှာ ပယ်မဲ၊ ခိုင်လုံမဲ အခက်အခဲမရှိ မဲပေးနိုင်အောင် ရည်ရွယ်ပြီးတော့ သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်တယ်” ဟု ထားဝယ်မြို့ ကလျာဏမိတ္တပရဟိတဖောင်းဒေးရှင်း ဥက္ကဋ္ဌ ဦးအောင်သူရလင်း က ပြောသည်။
သင်တန်းတွင် နိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း၊ လွှတ်တော်အဆင့်ဆင့်ဖြစ်ပေါ်လာပုံ တို့ကို ဆွေးနွေးသင်ကြားခဲ့ပြီး လွှတ်တော်အသီးအသီး၏ မဲပေးပုံအဆင့်အဆင့်နှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း အဆင့်ဆင့်တွင် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခဲ့ကြောင်း၊ သင်တန်းသို့ ရွေးကောက်ပွဲတွင် ပထမအကြိမ် မဲပေးကြမည့် လူငယ်များနှင့် စိတ်ပါဝင်စားသူ (၂၃)ဦး တက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)