ဒေသတွင်းထုတ်လုပ်ဖြန့်ချိရောင်းချနေသည့် ရွှေဥဩ ထားဝယ်ရိုးရာလုံချည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးကဏ္ဍ၌ပါဝင်သော တိုးတက်ကောင်းမွန်လာသည့်  စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍  MSME လုပ်ငန်းများ အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးဆိုသည့်အချက်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ မှတ်ပုံတင်ထားသည့် အသေးစားစက်မှုလက်မှုလုပ်ငန်း(၅၀၈)ခုရှိကြောင်း တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်ထံမှ သိရသည်။ ယင်းလုပ်ငန်းများအနက် ထားဝယ်မြို့ရှိ  ရွှေဥဩ ထားဝယ်ရိုးရာ လုံချည်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းဆောင်ရွက်မှုကို  လုပ်ငန်းရှင် ဦးနေမင်းနှင့်  တွေ့ဆုံမေးမြန်းမှုအားဖော်ပြလိုက်ရပါသည်-

မေး။   ။ လုပ်ငန်းရှင်အမည်နှင့် ထားဝယ်ရိုးရာလုံချည်ဝတ်ဆင်ခဲ့သည့် ယဉ်ကျေးမှုသမိုင်းကြောင်းကို ရှင်းပြပေးပါ။

ဖြေ။    ။ ကျွန်တော်ကတော့ ရွှေဥဩအထည်စက်ရုံလုပ်ငန်းရှင် ဦးနေမင်း ဖြစ်ပါတယ်၊ထားဝယ်ရိုးရာ  ဝတ်စားဆင်ယင်မှု သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက   AD.751 ခန့်ကတည်းက ထားဝယ်သူ၊ ထားဝယ်သားတွေဟာ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားစွာနဲ့ အဝတ်အထည်များ ရက်လုပ်ဝတ်ဆင်လျက်ရှိနေပြီဖြစ်တာကို သိရှိရပါတယ်။ အင်းဝခေတ်၊ မင်းကြီး စွာစော်ကဲ လက်ထက်မှာ ထားဝယ်ရိုးရာပိုးလုံချည်များ ရက်လုပ်ဝတ်ဆင်နေပြီဖြစ်ကြောင်း သမိုင်း အထောက်အထားတွေမှာ အခိုင်အမာဖော်ပြထားပါတယ်။ ထားဝယ်ဒေသရဲ့ ရတနာ(၄)မျိုးထဲမှာ (၁)မျိုးပါဝင်ပြီး ရတနာတန်းဝင်ပစ္စည်းဖြစ်ကြောင်း၊ ၁၉၇၄ ခုနှစ်  နောက်ပိုင်းကာလတွေမှာ ထားဝယ်ပိုးလုံချည်  ရက်လုပ်မှုများ ရပ်တန့်သွားပြီး ၁၉၈၀ခုနှစ်နောက်ပိုင်း ထားဝယ်ရိုးရာ ချည်လုံချည်များ ရက်လုပ်ထွန်းကားခဲ့ပါတယ်။

မေး။   ။ ရွှေဥဩအထည်စက်ရုံတည်နေရာနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို သိပါရစေ။

ဖြေ။    ။ ရွှေဥဩ  အထည်စက်ရုံတည်နေရာကတော့ ထားဝယ်မြို့နယ်၊  ရှင်မုတ္ထီးကျေးရွာမှာ  ဖြစ်ပါတယ်။  စက်ရက်ကန်းစင်  (၈)စင်အား အလုပ်သမား(၁၆)ဦးနဲ့  လည်ပတ် ဆောင်ရွက်နေပါတယ်။ ရက်သတ္တပတ်လျှင်(၆)ရက် လုပ်ကိုင်ကြပြီး တနင်္ဂနွေနေ့တိုင်းနှင့် အစိုးရရုံးပိတ်ရက်များအား အလုပ်နားရက်သတ်မှတ်ပေးပါတယ်။

မေး။   ။ ကုန်ကြမ်းရရှိမှုနှင့် သုံးစွဲမှုအခြေအနေများ ရှင်းပြပေးပါ။

ဖြေ။    ။ ကုန်ကြမ်းချည်တွေကို မန္တလေးမြို့ကနေ အဓိကမှာယူပါတယ်။ အမျိုးအစားအနေနဲ့(၂/၈၀) ချည်နဲ့ ABC အမှတ်တံဆိပ် ယုန်ဟာလီချည်များဖြစ်ပါတယ်။ အတိုင်နဲ့အဖောက်အတွက်နေ့စဉ် ချည်(၂၀)ပေါင်ခန့် သုံးစွဲရပါတယ်။

မေး။   ။ ကုန်ချောထွက်ရှိမှုနှင့် ဖြန့်ချိရောင်းချနေသည့် ဈေးကွက်အခြေအနေကို သိပါရစေ။

ဖြေ။    ။ အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ထားဝယ်လုံချည်များကို တစ်ရက်အထည် (၄၀)ခန့် ထုတ်  လုပ်ပြီး ဒေသတွင်းနှင့် ရန်ကုန်မြို့ရှိ MSME Product Showroom တွင် ဖြန့်ချိရောင်းချနေပါတယ်။ ဒါ့အပြင် ပြည်ပဈေးကွက်အနေနဲ့ ထိုင်းနိုင်ငံဘာသာရေးပွဲတော်တွေ၊ ရိုးရာပွဲတွေမှာ တူညီဝတ်စုံအနေနဲ့ သုံးစွဲဖို့ မှာယူကြတာတွေလဲရှိပါတယ်။

မေး။   ။ ရောင်းအားမြှင့်တင်ဆောင်ရွက်ခဲ့ပုံကိုရှင်းပြပေးပါဦး။

ဖြေ။    ။ အရည်အသွေးကောင်းမွန်ပြီး ဒီဇိုင်းလှပစွာနဲ့ ရိုးရာမပျက်ထုတ်လုပ်ပါတယ်။ နိုင်ငံတော်အဆင့်နဲ့ ဒေသအတွင်း အရောင်းပြပွဲတွေမှာလည်း ပါဝင်ပြသပါတယ်။

မေး။   ။ ဝတ်ဆင်သူများ အကြိုက်တွေ့စေပြီး ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူဆင်မြန်းနိုင်မှုနဲ့  ပတ်သက်ပြီးလည်း ရှင်းပြပေးပါ။

ဖြေ။  ။ မြန်မာ့ရာသီဥတုနဲ့ကိုက်ညီအောင် ချည်သားစစ်စစ်ဖြင့်ထုတ်လုပ်ထားပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးတာဖြစ်လို့ လူတန်းစားမရွေးအားပေးဆင်မြန်းကြပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှု တန်ဖိုးမြင့်မားတဲ့ ရိုးရာလုံချည်ဖြစ်ပြီး ဝတ်ဆင်သူများ ဂုဏ်ယူစွာ ဝတ်ဆင်နိုင်ပါတယ်။ မည်သည့်အခမ်းအနား ပွဲတက်ရန်မဆို တင့်တယ်စွာ ဝတ်ဆင်နိုင်ပါတယ်။

မေး။   ။ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရတာများရှိရင် သိပါရစေ။

ဖြေ။    ။ လက်ရှိလည်ပတ်နေတာစက်ရက်ကန်းစင်(၈)စင်နဲ့ ရက်လုပ်နေတာဖြစ်ပြီး ကျွမ်းကျင်သူ အလုပ်သမား တိုးလာတဲ့အပေါ်မူတည်ပြီး စက်ရက်ကန်းစင်(၂)စင်နဲ့ လက်ရက်ကန်းစင်(၂)စင် ထပ်မံတိုးချဲ့နေပါတယ်။ လက်ရက်ကန်းကိုတော့ ပိုးထည်လုံချည်များ ရက်ခတ်ဖို့  ရည်ရွယ်ပြီး  လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရိုးရာကိုထိန်းသိမ်းပြီး ခေတ်နဲ့လျော်ညီတဲ့အဆင်တွေ ထုတ်လုပ်နိုင်ဖို့အတွက် အခုအချိန်မှာတော့ ထုတ်ကုန်အသစ်အဆန်းနဲ့ ပတ်သက်ပြီး ပွဲထိုင်အဆင့် ရိုးရာပိုးထည်ဒီဇိုင်းတွေ ထုတ်လုပ်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။

မေး။   ။ လုပ်ငန်းအတွက် ပံ့ပိုးကူညီမှုများရှိရင်လည်း သိချင်ပါတယ်။

ဖြေ။    ။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ကူညီပံ့ပိုးမှုများရှိပါတယ်။  အခက်အခဲများနှင့် ပတ်သက်ပြီး တင်ပြရင်လဲ ဖြေရှင်း ဆောင်ရွက်ပေးပါတယ်။  တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နည်းပညာပိုင်းဆိုင်ရာများနှင့် ကျွမ်းကျင်လုပ်သား ဖြည့်တင်းရေးများ ပံ့ပိုးကူညီပေးပါတယ်။ ဒါ့အပြင် ဈေးကွက်ပိုမိုရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးတာတွေလည်း ကူညီဆောင်ရွက်ပေးပါတယ်။

မေး။   ။ အလုပ်သမားများခန့်ထားရတဲ့အတွက် ဒေသခံတွေအလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက် ပြီး ရှင်းပြပေးပါ။

ဖြေ။    ။ အလုပ်အကိုင်အခွင့်အလမ်းကတော့ လုပ်ငန်းတိုးချဲ့မှုအပေါ် မူတည်ပြီး တိုးတက်ရရှိလာမှာ ဖြစ်တာကြောင့်  စိတ်ပါဝင်စားစွာ ရေရှည်လုပ်ကိုင်သွားရင်  ကျွမ်းကျင်လာတာနဲ့အမျှ ကိုယ်ပိုင်လုပ်ကိုင်ထူထောင်သွားနိုင်တဲ့  တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်အဖြစ် ရပ်တည်နိုင်တဲ့အထိ မျှော်မှန်းလုပ်ကိုင်နိုင်ပါတယ်။

မေး။   ။ ရွှေဥဩအထည်စက်ရုံအနေနဲ့ အဓိကထားထုတ်လုပ်တဲ့ အထည်အမျိုးအစား ဘယ်လောက် ထုတ်လုပ်ရောင်းချနေတယ်ဆိုတာကိုလည်း သိပါရစေ။

ဖြေ။    ။ ထားဝယ်ရိုးရာအဆင်ဒီဇိုင်းအမျိုးမျိုးကို အမျိုးသားဝတ်၊ အမျိုးသမီးဝတ်လုံချည်များအဖြစ် ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။

မေး။   ။ လုပ်ငန်းတိုးချဲ့ရန်အတွက် ဘာတွေလိုအပ်ပါသလဲ။

ဖြေ။    ။ လုပ်ငန်းတိုးချဲ့ဖို့အတွက် စက်ပစ္စည်းများဝယ်ယူဖို့နဲ့ ကုန်ကြမ်းပစ္စည်းတွေဝယ်ဖို့အတွက်အ  ရင်းအနှီးလိုအပ်ပါတယ်။ အရင်းအနှီးငွေများ ရရှိမယ်ဆိုရင် လုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

မေး။   ။ MSME လုပ်ငန်းတွေကို အလေးထား ဆောင်ရွက်ပေးနေမှုအပေါ် သဘောထား အမြင်များ  ပြောပြပေးပါ။

ဖြေ။    ။ MSME လုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်ပေးနေမှုတွေအပေါ် တစ်ပိုင်တစ်နိုင်လုပ်   ငန်းအသစ်တွေထူထောင်ဆောင်ရွက်မယ့် လုပ်ငန်းရှင်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းမှတ်ပုံတင်ဖို့၊ MSMEအသင်းဝင်ဖြစ်အောင် ဆောင်ရွက်ကြဖို့နဲ့ လုပ်ငန်းတူသူအချင်းချင်း ပူးပေါင်းဆောင်ရွက်ရင် MSME လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ကဏ္ဍလည်း လျှင်မြန်စွာအကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စနစ်တကျ  ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းများအနက်မှ  လူမှုစီးပွား  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အထောက်အကူပြုစေမည့်လုပ်ငန်းများကို အောင်မြင်အောင်ကြိုးစားဆောင်ရွက်နေသည့် ထားဝယ်မြို့၊ ရွှေဥဩ ထားဝယ်လုံချည်ထုတ်လုပ်ရေးလုပ်ငန်းအကြောင်း ရေးသားတင်ပြလိုက်ရပါသည်။         ။

တွေ့ဆုံမေးမြန်း- ကျော်ကျော်လတ်(ပြန်/ဆက်)