ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ် ဧပြီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် အငယ်တန်းစာရေးဒေါ်သင်းသင်းလှိုင်က ကလေးသူငယ်များ၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လမ်းပေါ်နေ ကလေးများအပေါ် အဓမ္မ အနိုင်ကျင့်စေခိုင်းခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းမှ ကာကွယ်ရန်နှင့် ဘဝလုံခြုံရေးအတွက် ရည်ရွယ်၍ လမ်းပေါ်နေကလေးများ လျော့နည်းပပျောက်စေရန်အတွက် ကလေးသူငယ် အခွင့်အရေးများနှင့် ကလေးအလုပ်သမား ပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/သူများ သိရှိစေရန်အတွက် ဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပိုးကရင်ဘာသာစကားဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒါဏ်များ၊ ကလေးအလုပ်သမား လျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ကလေးများ လုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ် အချက်အလက်များဆိုင်ရာ သိမှတ်ဖွယ်ရာများစသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ရာ ကျောင်းသား/သူကလေး သူငယ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)