တနင်္သာရီ ဧပြီ ၁၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမအတွင်း အပူဒဏ်အန္တရာယ်ကြိုတင် ကာကွယ် ရေးအသိပညာပေးဟောပြောပွဲကို ဧပြီလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ရာ အ-ထ-က(တနင်္သာရီ)၊ အ-မ-က(တပ်ဦး)ကျောင်းတို့မှ ကျောင်းသူ/သား(၂၂)ဦး တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်း ကကျောင်းသူ/သားများအား လတ်တလောအပူချိန်မြင့်တက်နေသဖြင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးမှထုတ်ပြန်ထားသော အပူဒဏ်အန္တရာယ် နှိုးဆော်ချက်များ၊ သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊ ၎င်းအပူဒဏ်များအကြား ကျန်းမာစွာနေထိုင်နည်းများ၊ လိုက်နာရန်နှင့်ဆင်ခြင်ရန်အချက်များ၊ အပူဒဏ်ခံစားရပါက အရေးပေါ်ရှေးဦးပြုစုနည်းများကို ရှင်းလင်းဟောပြောပေးကြောင်း သိရှိရသည်။
ဆက်လက်၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမအတွင်း ခင်းကျင်းပြသ ထားသော ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်နှင့် (ပထမ)အကြိမ် နွေရာသီပန်းချီအခြေခံ(အခမဲ့)သင်တန်းသားများ၏ ရာဇမင်္ဂလာကန်တော် ရေဆေးပန်းချီ ပြိုင်ပွဲတွင် ဆုရရှိသည့် ပန်းချီပုံများကို ကျောင်းသား/သူများက စိတ်ဝင်တစားကြည့်ရှုကြရာ ဦးစီးအရာရှိ ဦးထိန်ဝင်းက ရှင်းပြပေးကြောင်းသိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)