ထားဝယ်မြို့တွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ထားဝယ်     ဧပြီ ၁၁

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှကြီးမှူး၍ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးက ဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်သိပ္ပံများ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများ၊ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ မရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းအား လည်းကောင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းနိုင်က အစားအသောက်နှင့် ဆိုးဆေးများအကြောင်းအား လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောသည်။

ဆက်လက်၍တာဝန်ရှိသူများက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏ အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူတို့အကြား ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ တိုင်ကြားနိုင်သောနည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများနှင့် အမေး၊ အဖြေများပြုလုပ်၍ အဖြေမှန်သူများကို ဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)