မင်းလှမြို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီး

မင်းလှ ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ မွန်းလွဲ ၃ နာရီချိန်ခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဗျက်ကြီးအုပ်စု၊ ဗျက်ကြီးကျေးရွာနေ ဦးခင်ဦး၏ သွပ်မိုး၊ အုပ်တိုက်ခံ၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ ဦးနိုင်လင်း၏ သွပ်မိုး၊ ထရံကာ၊ ဝါခင်းနေအိမ် (၁) လုံးတို့၌ အမိုးလန်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး၊ တန်ဖိုး (၄၂၀၀၀၀) ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့်တိရိစ္ဆာန်များထိ ခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်သည့်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများက ပူးပေါင်း၍ အိမ်ထောင်စု (၂) စုမှ ဘေးသင့်ပြည်သူ စုစုပေါင်း (၁၀) ဦးတို့အား နီးစပ်ရာဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်ရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)