ဂန့်ဂေါခရိုင်ထီးလင်းမြို့၌ရန်ကုန်မြို့သို့ ကိုဗစ်-၁၉ရောဂါ တုံ့ပြန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း များဆောင်ရွက်ရန် သွားရောက်မည့် ကြက်ခြေနီစေတနာ လုပ်အားရှင်များအားဂုဏ်ပြုချီးမြှင့်

ထီးလင်း        နိုဝင်ဘာ        ၆

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏တာဝန်ပေးချက်အရ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှ ရန်ကုန်မြို့သို့ COVID-19 တုံ့ပြန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်မည့် ကြက်ခြေနီစေတနာ လုပ်အားရှင်များအားဂုဏ်ပြု ချီးမြှင့်ခြင်း ကို  ယနေ့ နံနက်  ၁၀ နာရီက ထီးလင်းမြို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ ၌ ပြုလုပ်သည်။

ဂုဏ်ပြုပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်ကလေး/အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိက ဂုဏ်ပြုအမှာစကား ပြောကြားကာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးအောင်၊ မိခင်ကလေး/အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကြရာ ထီးလင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခင်ဇာလင်းက လက်ခံရယူသည်။

ရန်ကုန်မြို့သို့ COVID-19 တုံ့ပြန်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီ စေတနာလုပ်အားရှင်(၃၉)ဦး စေလွှတ် သွားရောက်ကြမည်ဖြစ်ရာ ထီးလင်းမြို့နယ်မှ (၄)ဦး ပါဝင်ပြီး အဆိုပါအဖွဲ့သည် ရန်ကုန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့မှစတင်ကာ (၄)ပတ်ကြာ တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)