ပွင့်ဖြူ ဧပြီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဘီးစပ်ခုံကျေးရွာမှ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အချိန်အခါမရွေး ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်အပြင် အခြားသော ထူးခြားဖြစ်စဉ်သတင်းများ ဖြစ်ပွားပါက သက်ဆိုင်ရာဌာနများသို့ အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဘီးစပ်ခုံကျေးရွာ၌ ဧပြီလ(၂)ရက်နေ့က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀၊ အိမ်ထောင်စုဝင် (၉) ဦးအတွက် တစ်ပတ်စာ စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၁၈၉၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁၈၉၀၀ အား တာဝန်ရှိသူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )