ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်

ဟားခါး ဧပြီ ၁၀

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဧပြီလ ၁၀ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်ရေးအတွက် ပညာဒါနအ ဖြစ် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များနှင့် ငွေကြေးများလှူဒါန်းခြင်းအခမ်းအနားများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပလျက်ရှိပါကြောင်း ၊ ဘဝအတွက် စာဖတ်ရန်လိုအပ်မှုနှင့်ပတ်သက်၍ စာမတတ်သူသည် မလှုပ်မရှားထိုင်နေသူနှင့် တူသကဲ့သို့ စာတတ်ပြီး စာမဖတ်သောသူ မှာ ရှေ့မတက်နိုင်သည့် ရပ်နေသူနှင့်တူ၍ စာလည်းတတ်၊ စာလည်းဖတ်သူမှာ ရှေ့သို့တက်လှမ်းနေသည့် သူနှင့်တူသည်ဟု မှတ်သားရပါကြောင်း ၊ စာပေတွင် ရသစာပေနှင့် သုတစာပေဟူ၍ရှိရာ ရသ စာပေဖတ်ခြင်းအားဖြင့် မိမိပတ်ဝန်းကျင်နှင့် သတ္တလောက၊ သြကာသလောကတို့ကို သတိပြုကြည့်တတ်၊ မြင်တတ်လာစေပြီး တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ စာဖတ်သူ၏ စိတ်သန္တာန်တွင် ကိန်းအောင်းလာစေကာ EQ ( Emotional Intelligence ) ခေါ် စိတ်နှလုံးခံစားမှုအရည်အသွေးနှင့် CQ (Culture Intelligence) ခေါ် မတူကွဲပြားသည့်ယဉ်ကျေးမှုများ၊ လူအဖွဲ့အစည်းများအပေါ် နားလည် လက်ခံနိုင်စွမ်းရှိသည့် အရည်အသွေးတို့ကိုရရှိစေကြောင်း၊ သုတစာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီး အသိအမြင်၊ အတွေးအခေါ်များ ကျယ်ပြန့်စေမည်ဖြစ်ကြောင်း ၊ မျက်မှောက်ကာလတွင် ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ရုပ်ဝတ္ထုပစ္စည်းများ မည်သို့ပင်တိုးတက်စေကာမူ အဆိုပါ ရုပ်ဝတ္ထုပစ္စည်းများ ကိုင်တွယ်အသုံးပြုနေကြသည့် လူသားများ၏ စိတ်ဓာတ်နှင့် အသိအမြင်ဗဟုသုတများ မတိုးတက်၊ မမှန်ကန် အားနည်းနေမည်ဆိုပါက ကောင်းကျိုးထက်ဆိုးကျိုးဘက်တွင် ပိုးမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များဖြစ်စေရေးနှင့် ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အထရှိပြီး အသိပညာဗဟုသုတများ စဉ်ဆက်မပြတ် ရှာဖွေလေ့လာနိုင်မှ လူတစ်ဦးချင်းမှသည် တိုင်းပြည်အကျိုးများ စွမ်းဆောင်ပေးနိုင်မည်ဖြစ်ရာ စာဖတ်နိုင်သော ပတ်ဝန်းကျင်နှင့် စာဖတ်သည့်အလေ့အထများ တိုးပွားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း ၅၀ နှင့် ဝန်ကြီးဌာနများမှ လှူဒါန်းငွေ ၇၇ ဒဿမ ၈ သိန်း၊ စုစုပေါင်း ၁၂၇ ဒဿမ ၈ သိန်းအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်းက လက်ခံရယူသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသူများအား နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)