ကျိုက်လတ်၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကျိုက်လတ် ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သတိပြုလိုက်နာ ရှောင်ကြဉ်ရမည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်  အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီခွဲခန့်က ကျိုက်လတ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် လမ်းဆုံ လမ်းခွနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေး ဌာနခွဲမှ ပြုစုထုတ်ဝေသည့် အပူဒဏ်အန္တရာယ် လက်ကမ်းစာစောင်များတွင် အပူဒဏ်အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းနှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့်လက္ခဏာများ ပေါ်ပေါက်လာပါက အရေးပေါ်ကုသရန် အရေးပေါ် ရှေးဦးပြုစုနည်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များကို မြို့မစျေးကြီးအတွင်းရှိ စျေးသူ၊ စျေးသားများနှင့် လမ်းသွား၊ လမ်းလာများအား ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး ကျိုက်လတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်