ပွင့်ဖြူ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းကျင်းပပြုလုပ်သည့် အာရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အာရုဏ်ဆွမ်းလောင်းလှူပွဲသို့ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းရှိ ရွှေရောင်တော်ဘုရားပရဝဏ်အတွင်း ကျင်းပခဲ့သည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူပွဲမှ သာသနာ့ဘောင်သို့ သွတ်သွင်းပေးခဲ့သော ပွင့်ဖြူမြို့နယ်မှ ရှင်သာမဏေများ ကြွရောက်တော်မူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်၍ ဆရာတော်၊ သံဃာတော်များနှင့် ရှင်သာမဏေများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနည်းပြဆရာမများက ရှင်သာမဏေများကို ဗုဒ္ဓအဆုံးအမတရားတော်များနှင့်အညီ ဘာသာအကျိုး၊ သာသနာအကျိုးများကို သယ်ပိုးထမ်းရွက်နိုင်စေရန်အလို့ငှာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်ခန်းစာများကို စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်းသိရကာ ယင်းသင်တန်းကို ဧပြီ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)