မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

မကွေး ဧပြီ ၁၀

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀  နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတစ်ဝန်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ စာအုပ်စာစောင်များ၊ အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနဲ့ စာအုပ်စာစောင်များကို ယခုလိုလှူဒါန်းပေးခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုတွေရဲ့ အစီအစဉ်ဖြင့် ဖွင့်လှစ်နေသည့် စာကြည့်တိုက်ပေါင်း (၂၇၅)တိုက် ဖွင့်လှစ်ထားသည်ဟုသိရကြောင်းနှင့် ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် စံညီစာကြည့်တိုက် (၆၁)တိုက်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ အဆိုပါစာကြည့်တိုက်များသည် စာကြည့်တိုက် အဆောက်အအုံများ၊ စာအုပ်စာစောင်များ၊  ငှားရမ်းဖတ်ရှုသူများ၊ စာကြည့်တိုက်ရန်ပုံငွေများ၊ စာကြည့်တိုက်ကော်မတီနှင့် စာကြည့်တိုက်မှူးများရှိပြီး စာကြည့်တိုက်လုပ်ငန်းများကို ပုံမှန်လည်ပတ် လျက်ရှိပါကြောင်း၊  စံညီစာကြည့်တိုက်များ  ပုံမှန်ရှင်သန်လည်ပတ်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဦးစားပေးအနေဖြင့် လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးရုံးများနှင့် အခြေခံပညာကျောင်းများ၌  စာအုပ်၊ စာစောင်များထားရှိကာ ပြည်သူများ နှင့်ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေ ဖတ်ရှုရန်နှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအားလုံးတွင် ဒေသခံပြည်သူများ စာပေဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  စာကြည့်တိုက်များ ရှင်သန်ရေးအတွက် နိုင်ငံတော်ရဲ့အား၊ စေတနာရှင် အလှူရှင်များရဲ့အား၊ စာကြည့်တိုက်ကော်မတီများရဲ့အားဆိုပြီး အား(၃)အား လိုအပ်ကြောင်းနှင့်  မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း စာကြည့်တိုက်များကို စာအုပ် စာစောင်များ လှူဒါန်းနိုင်ရေး ပိုမိုကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့်  သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များ၊ စာပေချစ်မြတ်နိုးသူများက မိမိတို့ဒေသမှာရှိတဲ့ စာကြည့်တိုက်များ ဖွံ့ဖြိုးရှင်သန်ရေးအတွက် အလေးထားပြီး ပါဝင်လှူဒါန်းပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စာပဒေသာဝေဆာစေမည်  Video Clipအား ပြသပြီး   မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် အလှူရှင်များမှ စုစုပေါင်း လှူဒါန်းငွေ (၃၂၃သိန်း (သောင်းကျပ်နှင့် စာအုပ်စာစောင် ၃၅၆ အုပ်အား အသီးသီးပေးအပ်လှူဒါန်းရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် အလှူရှင်များကိုယ်စား ဒေါက်တာနန္ဒဝင်းက လှူဒါန်းမှုနှင့်ပတ်သက်၍ မုဒိတာစကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်များအတွက် လှူဒါန်းထားသည့် စာအုပ်၊စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)