ဗန်းမောက်မြို့၌ စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ဗန်းမောက် ဧပြီ ၁၀ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုနှင့်အောင်လက်မှတ်ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။             

အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ ကြီးကြပ်သူဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ ၊တက်ရောက်လာကြသောလူပဂ္ဂိုလ်များ၊ အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိစိတ္တထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။                          

ဆက်လက်၍ ဆရာတော် သံဃာတော်များရွတ်ပွား သရဇ္ဇျာယ်ချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး တာဝန်ရှိသူများက ကြီးကြပ်ရေးဆရာ တော်များထံ လူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာများထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမွန်အောင်နှင့်အဖွဲ့၀င်များ၊ အလှူရှင်ဒါယိကာ ဒါယိကာမများက စာအောင်လက်မှတ်နှင့်စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။                  

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သာသနားရေးဆိုင်ရာများကို လျှောက်ထားပြီး မြို့နယ် သံဃနာယကအဖွဲ့၀င် နောင်မဲ့လုံဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။        

အဆိုပါအခမ်းအနားတွင်၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဗန်းမောက်မြို့ စာဖြေဌာနမှ ပထမကြီးတန်း (၁) ပါး၊ ပထမလတ်တန်း (၁) ပါး၊ ပထမငယ်တန်း (၃၃) ပါးနှင့်အခြေပြုမူလတန်း (၅၅) ပါး စုစုပေါင်း (၈၈) ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရှိရသည်။

မေသူ

ဗန်းမောက် (ပြန်/ဆက်)