စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းတစ်ရာကျော်နှင့် စာအုပ်စာစောင် ၂၁၄၈ အုပ် ပေးအပ်လှူဒါန်း

ဘားအံ ဧပြီ ၁၀

နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင် ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ အလှူရှင်များက ငွေကျပ် သိန်းတစ်ရာကျော်နှင့် စာအုပ်စာစောင် ၂၁၄၈ အုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပေးအပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စာဖတ်ခြင်းသည် အရွယ်သုံးပါးစလုံးအတွက် အသိဉာဏ်၊ ဗဟုသုတ၊အတွေးအခေါ်၊ မြော်မြင်နိုင်စွမ်းများရရှိစေနိုင်ပြီး စာကြည့်တိုက်များသည် လူတန်းစားမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတရှာမီရာ နေရာတစ်ခုဖြစ်သည့်အတွက်ကြောင့် စာကြည့်တိုက်မှ စာအုပ်စာပေများကိုဖတ်ရှုလေ့လာ၍ မိမိတို့၏ဘဝတိုးတက်အောင်မြင်အောင် မိမိတို့၏အနာဂတ် မျိုးဆက်သစ်လူငယ်များကိုအစဉ်အမြဲ စာပေဖတ်ရှုလေ့လာကြရန်၊စာများများဖတ်ကြရန် တိုက်တွန်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတစ်ဝန်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အလှူရှင်များက ငွေကျပ် ၁၀,၀၅၅,၀၀ဝိ/-(သိန်းတစ်ရာငါးသောင်းငါးထောင်)နှင့် ငွေကျပ်ငါးဆယ်ရှစ်သိန်းတစ်သောင်းလေးထောင်တန်ဖိုးရှိ စာအုပ်စာစောင် (၂၁၄၈)အုပ်တို့အား ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တက်ရောက်လာသူများက စာပဒေသာ ဝေဆုစေမည် Video Clip ကို အတူတကွကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာအုပ်စာစောင်များ အား ကြည့်ရှုအားပေးခဲ့ကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)