တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဧပြီ ၁၀

နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာစာပဒေသာဝေဆာစေရမည်” Video Clip အားပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့် ရှုအားပေးသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့အခမ်းအနားသည်နိုင်ငံတော်အဆင့် အခမ်းအနားကို နေပြည်တော်၌ လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်အခမ်းအနားကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တို့၌ တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ တစ်နိုင်ငံလုံးဆောင်ရွက်သည့် လှူဒါန်းပွဲကြီးဖြစ်ကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို  နိုင်ငံတော်က အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာမှာ ယနေ့ကာလ၌ ခရိုင်နှင့် မြို့နယ်အဆင့် စာကြည့်တိုက်ပေါင်း(၄၁၀)ကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ပေးထားကြောင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်ရပ်ရွာပြည်သူ လူထုအစီအစဉ်ဖြင့်ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း (၃၅၀၀)ကျော်ရှိကြောင်း၊ သုတဖြစ်စေရသဖြစ်စေစာကောင်းပေမွန်တို့ကို ငယ်စဉ် ကာလပင်စွဲမြဲစွာဖတ်ရှုသည့် အလေ့အထရှိရန်လိုအပ်ကြောင်း၊ ကလေးသူငယ်လူငယ်လူရွယ်များ အရွယ်အလိုက် စာပေကို ဖတ်ရှုကြရန်ပျိုးထောင်ပေးရန်လည်း လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိပြည်သူများ စာအုပ်စာပေများကိုလက်လှမ်းမီစွာ ဖတ်ရှုနိုင်အောင်ရပ်ကွက်/ကျေးရွာ စာကြည့် တိုက်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မတည်ငွေ၊  မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ပံ့ပိုးမှု၊  ပြည်သူလူထုထည့်ဝင် ငွေများဖြင့် တိုင်းဒေသကြီးအတွင်း ရပ်ကွက်/ကျေးရွာစာကြည့်တိုက် (၁၂၈၀) တိုက်ကို ဖွင့်လှစ်ပေးခဲ့ပြီး စံညီစာကြည့်တိုက် (၁၇၀)တိုက်ရှိသည်ဟုသိရကြောင်း၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့အထနှင့် စာကြည့်တိုက်များကို အသုံးပြုတတ်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ၊ စာကြည့်တိုက်အလုပ်ရုံ ဆွေးနွေးပွဲများ၊တက္ကသိုလ် အခြေခံ ပညာကျောင်းများ၊ သင်တန်းကျောင်းများ၌လူငယ်စကားဝိုင်းများကိုကျယ်ပြန့်စွာဆောင်ရွက်ခြင်းသည် လူငယ်လူရွယ်များအနေဖြင့် မိမိသိလိုသောစာပေဗဟုသုတနှင့် သတင်းအချက်အလက်များကို လေ့လာ ခြင်း၊  ရှာဖွေခြင်းဖြင့် မိမိတို့အားသန်ရာ သုတရသစာပေများကို ဖတ်ရှုသည့်အလေ့အထကောင်းများရရှိ လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စာကြည့်တိုက်များ တည်တံ့ရန်၊ တိုးတက်လာရန် အလေးထားအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ရှင်သန်လာအောင် အုပ်ချုပ်ရေးအဖွဲ့များ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ ပြည်သူများ ဝိုင်းဝန်းဆောင်ရွက်ပေးကြ ရန် လိုအပ်ကြောင်း၊  ယနေ့အခမ်းအနားတွင်  စာပေဖတ်ရှုမှု အားပေးသည့် စာပေကိုတန်ဖိုးထားသော စေတနာရှင် အလှူရှင်များအားလုံးကို လှူဒါန်းပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက စာအုပ်စာပေများလှူဒါန်းရခြင်း ၏အကျိုးကျေးဇူးများကိုရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသော စာအုပ်နှင့် ငွေကျပ်သိန်း(၁၀၀)ကျပ်ပါ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များ လှူဒါန်းသော ငွေကျပ်(၂၂၈၁၀၀၀၀)နှင့်စာအုပ်စာစောင်(၆၄၇)အုပ် ၏တန်ဖိုးငွေ (၂၉၆၉၇၀၀) ကျပ် စုစုပေါင်း (၂၅၇၇၉၇၀၀) ကျပ်အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများ၊ သုတရသစာအုပ်စာစောင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)