ချောင်းသာ၌ ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း ဖွင့်လှစ်သင်ကြား

ချောင်းသာ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ရှေးဦးပြုစုခြင်းအခြေခံအဆင့်(အကျဉ်းချုံး) သင်တန်းအား ယနေ့နံနက် ၇ နာရီက ချောင်းသာမြို့ ကြက်ခြေနီအသင်းခွဲငယ်ရုံး၌ ဖွင့်လှစ်သင်ကြား ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းသာတိုက်နယ်ကျန်းမာရေးဌာန၊ ကျန်းမာရေးမှူးဦးထွန်းအောင်ကိုက သင်တန်းဖွင့် လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံသက်ကယ် အထောက်အကူပြုနည်း (CPR/Choking) ပြုလုပ်နည်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ သစ္စာအဓိဌာန်၊ ကျင့်ဝတ် ၅၀၊ သူနာပြုတပ်ဖွဲ့၏ အခြေခံမူ ၇ ချက်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နည်းဥပဒေများနှင့် အခြေခံစည်းမျဉ်းများ အကြောင်းကို လည်းကောင်း၊ ချောင်းသာမြို့ ကြက်ခြေနီအသင်းခွဲငယ်ရုံးမှ တာဝန်ရှိသူများက လူ၏ခန္ဓာဗေဒအကြောင်း၊ သွေးယိုခြင်း၊ သွေးစုတ်/သွေးလန့်ခြင်းများကို ပြုစုခြင်း၊ ဒဏ်ရာရသူများအား ပတ်တီးစီးခြင်း အမျိုးမျိုးနှင့် ထမ်းစင်ဖြင့် လူနာသယ်ဆောင်ခြင်း အခြေခံနည်းများကိုလည်းကောင်း အကျယ်တဝံ့ရှင်းလင်း သင်ကြား ပေးခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံအဆင့် (အကျဉ်းချုံး)သင်တန်းသို့ ချောင်းသာမြို့အတွင်းရှိ ကြက်ခြေနီလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပြီး ရှေးဦးသူနာပြုစုနည်းများဖြင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင် ရန်ရည်ရွယ်ချက်များဖြင့် သင်တန်းကိုဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)