ကျောက်ကြီး ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် ဧပြီလတွင် ကြရောက်မည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ရိုးရာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား နှစ်စဥ်ကျင်းပပြုလုပ်လာခဲ့ပြီး ယခုနှစ်တွင် ဒေသခံပြည်သူများ မြန်မာ့ရိုးရာဓလေ့ဖြင့် ပျော်ရွှင်စရာ၊ စိတ်အပန်းဖြေစရာတရပ်ဖြစ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကျောက်ကြီးမြို့ ဆားတန်းရပ်ကွက် အလယ်လမ်းမကြီးပေါ်၌ လမ်းလျှောက်အတာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပွဲတော်ကာလတွင် ရိုးရာယဥ်ကျေးမှု မပျောက်ပျက်စေဘဲ ရေကစားနိုင်ရန် စီမံဆောင်ရွက်ထားကြောင်းနှင့် ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများက ရက်အလိုက် စတုဒီသာများ ကျွေးမွေးဧည့်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြပြီး မီးသတ်ဦးစီးဌာနမှ ဒေသခံပြည်သူများ ရိုးရာအတာသင်္ကြန်ပွဲတော်နှင့်အညီ ရေကစားနိုင်ရန် ရေရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)