ဟိုင်းကြီးကျွန်း ဧပြီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့က ကြာကန်ကျေးရွာ၊ ဇီးချိုင်ကျေးရွာနှင့် မဲခရဲကျေးရွာတို့တွင် ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းသည် ယမန်နေ့နံနက်(၀၉း၀၀)နာရီအချိန်က ကြာကန်ကျေးရွာ ဝိဇယမင်္ဂလာဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင်ရွက်ရာတွင် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲလင်းထွန်းက မိမိတို့ဒေသသည် တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် လက်ရှိတည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး ရပ်ရွာကောင်းကျိုးကို ပိုမိုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဒေသ၏ လုံခြုံရေးကိုအထူးပြုပြီး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လူစိမ်းများရောက်ရှိနေသည်ကို တွေ့ရှိပါက နီးစပ်ရာတာဝန်ရှိသူများအား ချက်ချင်း သတင်းပေးပို့ကြပေးစေလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန်မှု မဖြစ်ကြဘဲ စိတ်အေးချမ်းသာစွာနေကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ငပုတောမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးသန်းဦးက အယ်နီညို ရာသီဥတုကို ရောက်ရှိနေသည့်အတွက် မြင့်မားသည့်အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို ရှင်းလင်းပြောကြားပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် အလုပ်ကြမ်း လုပ်ကိုင်နေရသူ မိဘပြည်သူများအနေဖြင့် အထူးဂရုပြုကြရန် လိုအပ်ပါကြောင်း၊ ဇီးချိုင်ဒေသထွက်မျှင်ငပိသည် ဧရာဝတီတိုင်း၏ ဒေသထွက်ကုန်များတွင် ရောင်းအားအကောင်းဆုံး ဒေသထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့်အတွက် အရည်အသွေးကောင်းမွန်ရေးကို ပိုမိုဂရုပြုကြရန် လိုအပ်ပါကြောင်းနှင့် ပြည်သူစစ်မှုထမ်းဥပဒေပါအကြောင်း အရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းသည် ဇီးချိုင်ကျေးရွာနှင့် မဲခရဲကျေးရွာတို့သို့သွားရောက်ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပါ အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးရှင်းလင်းပြောကြားရာ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများမှ ဒေသခံများ တင်ပြလာသောပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပမ်းဆက်သွယ်ရေးစသည့် ဒေသလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်း၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦး၊ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံတို့မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ဒေသအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)