ရေဖြုမြို့နယ်အတွင်း ကျေးရွာများရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရေဖြူ၊ နိုဝင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်၊ နဘုလယ်‌ဒေသရှိ မူးဒူး၊ ထိန်ကြီး၊ လဲ‌ရှောင်၊ ပရဒပ်‌​ကျေးရွာအုပ်စုတို့ရှိ မဲရုံ (၁၀)ရုံတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေအား ယနေ့နံနက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင မြို့နယ်‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး‌ ဒေါ်ဖြူဖြူရှိန်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းအိဝင်း၊ တိုင်းရင်းဆေးဦးစီးဌာန တာဝန်ခံဆရာမ ဒေါ်သီလာမိုးတို့က မူးဒူး၊ ထိန်ကြီး၊ လဲရှောင်၊ ပရဒပ်‌ကျေးရွာများရှိ ကြိုတင်မဲများ ဆောင်ရွက်ပြီးစီးနေမှုအခြေအနေ၊ မဲရုံများခင်းကျင်းပြင်ဆင်ထားရှိမှု၊ မဲရုံသုံးပစ္စည်းများစုံ/မစုံ၊ မဲစာရင်းစာရွက် များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

နိုဝင်ဘာ (၈)ရက်နေ့၌ ပြည်သူများလာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ စီစဉ်ဆောင်ရွက် ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများအား တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ရေဖြူ(ပြန်/ဆက်)