ရွှေကျင်မြို့တွင် ပါဠိပထမပြန်စာမေးပွဲ စူဠဘွဲနှင်းသဘင်အခမ်းအနားနှင့် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲ ကျင်းပ

ရွှေကျင် ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊‌ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ညောင်ဝိုင်းတရုတ္တန်းရပ်ကွက် တောင်ပိုင်ဓမ္မရိပ်သာကျောင်းဓမ္မာရုံတွင် ယမန်နေ့ ညနေ(၃)နာရီခွဲအချိန်က ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများနှင့် သီလရှင်ဆရာလေးများကို စူဠဘွဲ့နှင်းသဘင်စာအောင်ဆုများ ဆပ်ကပ်ချီးမြှင့်ပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည့် အခမ်းအနားကျင်းပခဲ့သည်။

စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူကာ ရေစက်ချအမျှပေးဝေခြင်း၊ ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာ အကြီးတန်း(၄)၊ အလတ်တန်း(၄)၊ အငယ်တန်း(၁၄)ပါး၊ အခြေပြုမူလတန်း(၁၀)ပါး၊ စုစုပေါင်း(၃၂)ပါးအား စာအောင်လက်မှတ်၊ စာအောင်ဆုများဆက်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာချဆရာတော်များ၊ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား ရွှေကျင်မြို့နယ်အတွင်းရှိ အလှူရှင်များမှ ဆွမ်းဆန်စိမ်းများအား လောင်းလှူခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ (၂၀၂၃)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်းများတွင် ဖြေဆိုအောင်မြင်သော စာအောင်သံဃာများ၊ သီလရှင်များ၊ ရွှေကျင်မြို့နယ် စစ်ဗျူဟာအဖွဲ့အခြေချ(ရွှေကျင်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သာသနာ့ဒါယကာ၊ ဒါယိကာမများမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)