ပေါင်းတည်မြို့နယ် ကျေးရွာများ၌ မြေအောက်ရေဖြင့် နွေသီးနှံဖူးစားပြောင်းစိုက်ပျိုးမှု အကျိုးဖြစ်ထွန်း

ပေါင်းတည် ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကျေးရွာအချို့ရှိ တောင်သူများသည် ဖူးစားပြောင်းတစ်မျိုးဖြစ်သည့် ဒေသအခေါ် လေယာဉ်စိမ်း ထိုင်ဝမ်ပြောင်းမျိုးများကို နွေသီးနှံအဖြစ် မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ အောင်မြင်လျက်ရှိကြောင်း ၊ ၂၀၂၄ ခုနှစ်တွင် ပြောင်းစိုက်ဧက ၅၄၂ ဧက တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ထိုင်ဝမ်ဖူးစားပြောင်းများသည် အမျိုးအစားအားဖြင့် အမျိုးမျိုးရှိသည့်အနက် မြို့နယ်အတွင်း၌ လေယာဉ်စိမ်းဖူးစားပြောင်းတစ်မျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ မိုးရာသီတွင် ရက်ပေါင်း ၆၀ ကျော်၊ ဆောင်းနှင့်နွေတွင် ရက်ပေါင်း ၈၀ ခန့် စိုက်ပျိုးရကြောင်း၊ ဒေသစျေးကွက်နှင့် အနယ်နယ်အရပ်ရပ်ဈေးကွက်သို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်းနှင့် ဆောင်းနှင့် နွေတွင် အဝိစိတွင်းမှ မြေအောက်ရေကို ရေစုပ်စက်ဖြင့် စုပ်ယူ၍ ၇ ရက်လျှင် တစ်ကြိမ်ခန့် ရေပေးသွင်းရကြောင်းတို့ကို ပြောင်းစိုက်တောင်သူတစ်ဦးက ရှင်းပြသည်။

ပေါင်းတည်မြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေးတစ်လျှောက်ရှိ ပြောင်းဖူးအရောင်းဆိုင်တန်းများသည် တောင်သူများအတွက် အားထားရသော ရာသီမပြတ် ဒေသစျေးကွက်သဖွယ်ဖြစ်နေ၍ ကျေးရွာများ၌ ဖူးစားပြောင်းသီးနှံများကို တိုးချဲ့စိုက်ပျိုးလာကာ ဒေသခံပြောင်းစိုက်တောင်သူများနှင့် လက်လီပြန်လည်ရောင်းချသူများ အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)