ညောင်လေးပင်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင် ရဟန်း၊ သာမဏေ၊ သီလရှင်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ညောင်လေးပင် ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်​ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်းသာမဏေများနှင့် သီလရှင်များအား ဘွဲ့လက်မှတ်အဆောင်အယောင်နှင့် စာအောင်လက်မှတ်ဆက်ကပ်ခြင်း (စူဠဘွဲ့နှင်းသဘင်)အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်လေးပင်မြို့ ဒက္ခိဏာရာမ အသောကာရုံတောင်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အောင်တော်မူစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမန(ဂန္ထဝါစကပဏ္ဍိတ) အရှင်သူမြတ်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှမြင့်က သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီး အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေများနှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများအား တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တောရကြီးကျောဂ်းကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒဝံသ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) အရှင်သူမြတ်ကြီးထံအနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပည့်ဒါယကာ၊ ဒါယကာမများ မြို့နယ်ဥပါသကာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)