ကလိန်အောင် နိုဝင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ယနေ့ နံနက် ၁၀ နာရီခန့်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ရေဖြူမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်၊ ကလိန်အောင်မြို့မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ စခန်းမှူး ရဲအုပ်ကျော်သူရ၊ ကလိန်အောင်မြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့ဝင်များက ကလိန်အောင်မြို့အတွင်းရှိ မဲရုံပြင်ဆင် ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကာ ပြည်သူများလာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များအညီ စီစဉ်ဆောင်ရွက်ပေးရန်နှင့် မဲရုံတွင် လိုအပ်နေမှုများကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)