ဒေးဒရဲမြို့နယ်၌ ဒေသန္တရစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဒေးဒရဲ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေး ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနများအား စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘက်ဂျက်မှ အဖွဲ့အစည်းများ၊ ဌာနများအတွက် ရင်းနှီးမြှပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ် (၁၈၃၁.၉၂၀) သန်း သုံးစွဲရန် လျာထားပြီး ၎င်းအသုံးစရိတ်၏ (၉၉.၆) ရာခိုင်နှုန်းဖြစ်သည့် (၁၈၂၃.၆၇၀)သန်းအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်  လမ်း၊ တံတား၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေး၊ ဆည်မြောင်းစသည့် လုပ်ငန်းများတွင် ပြည်သူ များအား တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများအား ဦးစားပေး လျာထားဆောင်ရွက်သွားမည် ဖြစ်ပြီး မြို့နယ်၏ စီပွားရေးအဓိလုပ်ငန်းဖြစ်သည့် လယ်ယာနှင့် သားငါးကဏ္ဍများ လျာထားချက် ထက် ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန် နှင့် ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးအတွက် တာဝန်ရှိ အဖွဲ့အစည်း များအနေဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံကိန်းတာဝန်များပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဌာနများအား စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လမ်းတံတားများဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း